----------------------------------------------------
နေ့စဉ်ဖြတ်သန်းနေရသော ဘဝတွင် ငွေကြေးအတွက်ပူပန်ကြောင့်ကြမှုများ ရှိနေကြတတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ရစရာရှိသည်များမရ ပေးစရာရှိသည်များ မပေးနိုင်၊ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ငွေကြေးကြပ်တည်းခက်ခဲနေသော ကိစ္စများအတွက် မြန်မာ့ရိုးရာဗေဒင်ပညာရပ်လာ ရှေးဆရာသခင်ကြီးများ အသုံးပြုခဲ့သော နည်းလမ်းများထဲမှ ငှက်စာကျွေးအစီအရင်ကို ဖော်ပြပေးပါမည်။
အမဲသားမစားသူများ ကံငါးပါး မကျူးလွန်သူများအတွက်ပိုမိုအစွမ်းထက်သိသာပါလိမ့်မည်။ ဤအစီအရင်သည် တစ်ကြိမ်လုပ်ပါက ၇-ရက်ဆက်တိုက် ဆောင်ရွက်ရပါမည်။ ၇-ရက်ဆက်တိုက်လုပ်ပြီး မိမိအဆင်ပြေသောရက်မှ နောက်တစ်ကြိမ် ပြန်လည်စတင်ရပါမည်။
တနင်္ဂနွေနေ့ဖွားများသည် စနေနေ့တွင်စတင်လုပ်ဆောင်ပါ။
တနင်္လာနေ့ဖွားများသည် ကြာသပတေးနေ့တွင်စတင်လုပ်ပါ။
အင်္ဂါနေ့ဖွားများသည် ဗုဒ္ဓဟူးနေ့တွင် စတင်လုပ်ပါ။
ဗုဒ္ဓဟူးနေ့ဖွားများသည် အင်္ဂါနေ့တွင်စတင်လုပ်ဆောင်ပါ။
ကြာသပတေးနေ့ဖွားများသည် တနင်္လာနေ့တွင်စတင်လုပ်ဆောင်ပါ။
သောကြာနေ့ဖွားများသည် ဗုဒ္ဓဟူးနေ့တွင်စတင်လုပ်ဆောင်ပါ။
စနေနေ့ဖွားများသည် တနင်္ဂနွေနေ့တွင်စတင်လုပ်ဆောင်ပါ။
လုပ်ဆောင်ရမည်မှာ - ဆန်လက်တစ်ဆုပ်ကို ယူပြီး စကော (သို့) လင်ပန်းတွင်းထည့်ပါ။ အောက်ပါဂါထာမန္တာန်ဖြင့် ၇-မန်းရပါမည်။
“ဥုံ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနားသတည်း…ဘုမ္မာဒေ၀ ဓနဥစ္စာပို၍လာသတည်း”
ထို့နောက် ယင်း စကော (သို့) လင်ပန်းတွင်းမှဆန်များကို အိမ်ရှေ့တွင်ချ၍ ငှက်စာကျွေးရပါမည်။ ငှက်စာကျွေးပြီး ကျန်သောဆန်စေ့များကို “ငွေအိုးမြုပ်သည်” ဟုပါးစပ်မှပြောကာ မိမိအိမ်ဥရူတိုင်ချေတွင်မြုပ်ရပါမည်။ တိုက်ဖြင့်နေသူများအတွက် မိမိအိမ်ဥရူတိုင်ခြေနေရာတွင် မြေအိုးအသေးတစ်လုံးထဲတွင် သဲမြေထည့်ပြီး “ငွေအိုးမြုပ်သည်” ဟုပြောပြီး မြုပ်နိုင်သည်။
ထိုကဲ့သို့ ၇-ရက်ဆက်တိုင်လုပ်ဆောင်ခြင်းဖြင့် လာဘ်လာဘပွင့်လန်းခြင်း၊ ကူညီမစမည့်သူပေါ်ပေါက်ခြင်း၊ ငွေကြေးအခက်အခဲဒုက္ခလွတ်မြောက်ခြင်းများ ဖြစ်ထွန်းလာပေမည်။
အားလုံးသော ၇-ရက်သားသမီးများ ငွေကြေးအခက်အခဲဒုက္ခများမှ လွတ်မြောက်နိုင်ကြပါစေသတည်း….
***ကူးယူဖော်ပြခြင်းခွင့်မပြုပါ။**
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင်
1.9.2022

